Sunday, April 29, 2012

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေး ခရီး စတင်


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုး ဆက် ကျောင်း သားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ ကို ရောက်ရှိလာပါတယ်။

ခရီးစဉ်အတွင်း တိုင်းရင်းသား လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ရှိပြီး ဒေသခံပြည် သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုလေ့လာမှာဖြစ်တယ်လို့ ခရီးစဉ် မှာ အတူလိုက်ပါသွားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အာအက်ဖ်အေကိုပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်ဟာ ရက်သီတင်းပတ် တပတ်လောက် ကြာမြင့်မှာဖြစ်ပြီး တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ဟိုပုန်းမြို့တွေကို သွားရောက်မယ်လို့လည်း ကိုဂျင်မီက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့အနေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာစေဖို့အတွက် လှုပ်ရှားနေသူတွေကို အထောက်အကူပြု သင်တန်းတွေ တက်နိုင်အောင် ကူညီစီစဉ်ပေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
19 hours ago

ဖိတ်စာ

၈၈ ကျောင်းသားများ ရှမ်းပြည်ခရီးထွက်မည်

ဤပုံမှာ ကျွန်တော်တို့၏ ရဲဘော်ရဲဘက်များ ဖြစ်သော ကိုကျော်ဇေယျ နှင့် မယုယုလှိုင် တို့၏ (၂၉-၄-၁၂)နေ့ ညနေတွင်ပြုလုပ်သော မင်္ဂလာဧည့်ခံပွဲ တွင် ကိုမင်းကိုနိုင် ဖျော်ဖြေနေစဉ် ဖြစ်သည် ။
၈၈ အဖွဲ့သည် ၃၀-၄-၁၂ ညတွင် တောင်ကြီးသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ ထိုနောက် ဆရာဒဂုန်တာရာ မွေးနေ့ပွဲသို့ လည်း တက်ရောက်ရန် စီစဉ်ထားကြောင်း ကိုလှမျိုးနောင်မှ ပြောပြသည်။


 
အခြားဖော်ပြချက်။

၈၈ ကျောင်းသားများ ရှမ်းပြည်ခရီးထွက်မည်.....။
DVB
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လူထုနဲ့တွေ့ဆုံဟောပြောပွဲတွေ လုပ်ဖို့ လာမယ့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်ကို ခရီးထွက်မယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း အစီစဉ်အရ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့တွေကို မန္တလေးမြို့ကနေတဆင့် သွားရောက်မှာပါ။ ၂၉ ရက်နေ့ညနေစတင်မယ့် ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဂျင်မီက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ရှမ်းပြည်တောင်ပိုင်းပေါ့နော်၊ ဟိုပုန်း၊ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ငြိမ်းချမ်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းပါပဲ။ အဲဒီ့ ခေါင်းစဉ်နဲ့ပဲ သွားတာပါ။” ၈၈ မျိုးဆက်ကျောင်းသားတွေဟာ တောင်ကြီးမြို့မှာ မေလ ၂ ရက်နေ့ကျင်းပမယ့် အကျဉ်းထောင်ထဲ ကွယ်လွန်သွားခဲ့တဲ့ ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့က ဦးမြင့်သန်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ဖို့ရှိနေ ပါတယ်။ ဦးမြင့်သန်းဟာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့နဲ့အတူ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ချခံထားရစဉ် ၂၀၀၆ ခုနှစ် မေလက သံတွဲထောင်တွင်း ကွယ်လွန်သွားခဲ့တာပါ။ ဒီအခမ်းအနားမှာ ရှမ်းခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ရှိပြီး ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်တွေ ကြေညာဖွယ် ရှိနေပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အောင်ပန်းမြို့မှာ မေလ ၆ ရက်နေ့ကျင်းပမယ့် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉၃ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ဖို့ရှိပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့ဟာ မေလ ၁၀ ရက်နေ့မှာ ကျရောက်ပေမယ့် မွေးနေ့ပွဲကိုတော့ ဒီရက် အနီးနား ပတ်ဝန်းကျင်မှာ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ စာပေနဲ့ကဗျာအသိုင်းအဝိုင်းက ပုဂ်ဂိုလ်တွေနဲ့ အခါအားလျော်စွာ ကျင်းပလေ့ရှိပါတယ်။ အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပွင့်လင်းလူ့အဖွဲ့အစည်း အမည်နဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကို လှည့်လည်ပြီး လူထုနဲ့တွေ့ဆုံဟောပြောပွဲတွေ ပြုလုပ်နေတာပါ။

ခုလို ရှမ်းပြည်နယ်ကို သွားရောက်မယ့် ဒီခရီးစဉ်ကို ဒေသခံ လူထုက စိတ်ဝင်စားနေကြတယ်လို့အောင်ပန်းမြို့က လူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက် တာဝန်ခံ ကိုဘိုဘိုဟန်က ပြောပါတယ်။ “ကျနော်တို့ ပြည်သူလူထုတွေကတော့ အရမ်း စိတ်ဝင်စားနေတယ်။ ပထမ စီစဉ်တုန်းက တောင်ကြီး၊ အောင်ပန်း အဓိက စီစဉ်တာပေါ့။ အဲလိုကနေ ကျနော်တို့ လှုပ်ရှားမှုကို ဆက်စပ်ပြီးတော့ သိသွားကြတဲ့ ဥပမာ အန်အယ်လ်ဒီ လူငယ်ပိုင်းတွေက စိတ်ဝင်စားတော့၊ အဲဒီမှာ ၈၈တုန်းက သိမီခဲ့တဲ့ မြို့ခံအဖွဲ့တွေကလည်း ပေါင်းစပ်ပြီး ဖိတ်ထားတာပေါ့။ အဲဒီလို ဖိတ်ကြားရင်းနဲ့ လူထုကြားထဲမှာ ရှမ်းပြည်ခရီးစဉ်ကတော့ တော်တော်များများ စိတ်ဝင်စားနေတဲ့ အနေအထား ရှိတယ်။ ဒီကို လာတာလည်း တကြောင်း၊ ဆရာကြီးပွဲလည်းရှိတယ်။

အဲဒီမှာ မီဒီယာတွေလည်း တော်တော်များများ ရှိမယ်။ စာရေးဆရာများလည်း တော်တော်များများ ရောက်မယ်။ ဒါကအောင်ပန်းပေါ့။ “တောင်ကြီးမှာကျတော့ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ ဦးမြင့်သန်းရဲ့နေ့မှာပဲ တော်တော်များများ ဆုံပြီးတော့ ကျောင်းသားများနဲ့ ဆွေးနွေးမယ်လို့ သတင်းရတယ်။” ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့လည်း သင်္ကြန်ကာလ အတွင်းက သံချပ် လှည့်လှည်ဖြေဖျော်ရာမှာ ရရှိတဲ့ အလှူငွေတွေထဲကနေ နာရေးကူညီမှုအသင်းအတွက် ရန်ပုံငွေ ကျပ် ၁၀ သိန်းနဲ့ မောင်မောင်ဆိုးလေ ထီးရိုးရှည် သံချပ်အဖွဲ့အတွက် ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ပါတယ်။

အမြင့်မြတ်ဆုံး (၈၈) ကောင်းမှုအလှူပွဲ




သင်္ကြန်ဆိုသည်နှင့် သံချပ်ဆိုသည် ခွဲလို့ရသည့်အရာမဟုတ်ချေ။ သင်္ကြန်ချိန်ခါရောက်တိုင်း စိတ်ဝင်တစား အားပေးနားဆင်ခဲ့ရသည့် သင်္ကြန်သံချပ်များ နှစ်ပေါင်းနှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့ သည့်အတွက် အသက် (၂၀) ဝန်းကျင် လူငယ်များအဖို့ သံချပ်ဆိုတာ ရေရေလည်လည်သိမြင်နိုင်ဖို့မှာ ခဲယဉ်းသည့်အရာပင်ပေသည်။ ယခုနှစ် (၁၃၇၃ ခုနှစ်)သင်္ကြန်တွင်တော့ တစ်ခေတ်တစ်ခါကထင်ရှားသော သံချပ်အဖွဲ့များပါဝင်သလို (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့သည် ဟိုယခင်က နာမည်ရခဲ့သည့် “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့”နှင့်ပူးပေါင်းကာ သင်္ကြန်ပထမအကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပွဲဦးထွက်စတင်ဖျော်ဖြေခဲ့ကာ ရန်ကုန်မြို့တွင်းရှိ မြို့နယ်၊ ရပ်ကွက်များသို့ သွားရောက် လှည့်လည်ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ကြသည်။
(၈၈) မျိုးဆက်ကျောင်းသားများထိုးသည့် သံချပ်များသည် အကျဉ်းထောင်ထဲ၌ ရေးစပ်ခဲ့သည့် သီချင်းများနှင့်အတူ ပြည်သူလူထုတို့၏ အသံများအား ကိုယ်စားပြုသည့် သံချပ်များရေးဖွဲ့ခဲ့သလို ဂီတစာဆို ဂန္တဝင်မောင်ဝိုင်း၏ သားဖြစ်သူ ဒီဥက္ကာမှလည်း နိုင်ငံအတွင်း အခြေအနေအချို့အား ထည့်သွင်း ရေးစပ်ကာ “မောင်မောင်ဆိုလေ ထီးရိုးရှည်အဖွဲ့”တို့ ပူးပေါင်းကာ ရန်ကုန်မြို့တွင်း လှည့်လည်ဖျော်ဖြေခဲ့ ကြပြီး မထင်မှတ်ဘဲ ဖျော်ဖြေရေးမှ ရရှိခဲ့ကြသည့် အလှူငွေများအား နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယနေ့ ၂၇.၄.၂၀၁၂ ညနေ (၅း၀၀) နာရီအချိန် ရုံးဆင်းချိန်၌ ဆိုင်းမဆင့် ဘုံမဆင့်ဖြင့် (၈၈) ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့်အဖွဲ့တို့ လာရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားတွင် (၈၈) ကျောင်းခေါင်းဆောင် ကိုမင်းကိုနိုင်မှ အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခြင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ခြင်း၊ “မောင်မောင်ဆို လေ ထီးရိုးရှည်”အဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ ရွှေညဝါကျောင်းတိုက်(မှော်ဘီ)၌ သင်္ကန်းစီး၍ သီတင်းသုံးနေကြသော (၈၈) ကျောင်းသားအဖွဲ့ သံဃာတော်များကပါ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ အလှူငွေ တစ်သိန်းခွဲနှင့် သုခရိပ်မြုံ HIV မိဘမဲ့ကလေးဂေဟာသို့လည်း အလှူငွေ တစ်သိန်းခွဲ အသီးသီး လှူဒါန်းခဲ့ကြသည်။ (၈၈) ကျောင်းသားသံဃာတော်များသည် ပူပြင်းလှသော ရာသီဥတု၏ အောက်ဝယ် ဖိနပ်မပါ ထီးမပါဘဲ ဆွမ်းခံကြွစဉ်က ပြည်သူလူထုမှ လှူဒါန်းမှုပြုကြသော ဝတ္ထုငွေများကို ယခုကဲ့သို့ သာသနာပြုရင်း အလှူဒါနပြုခဲ့ခြင်းဖြစ်သည်။ ထို့အတူ (၈၈) ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးစီးသော သင်္ကြန်သံချပ်အဖွဲ့သည်လည်း နွေရာသီ၏ ပူပြင်းသောဒဏ်ကို ကြံ့ကြံ့ခကာ ပြည်သူလူထု တို့အား သံချပ်သမိုင်းကို ပြန်လည်ဖော်ထုတ်ရင်းနှင့် ရရှိခဲ့သော အလှူငွေများထဲမှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁၀) သိန်းကျပ်တိတိနှင့် “မောင်မောင်ဆိုလေ ထီးရိုးရှည်” သံချပ်အဖွဲ့အား (၁၀) သိန်းကျပ် တိတိ ချီးမြှင့်ဂုဏ်ပြု လှူဒါန်းခဲ့သည်။
ထိုထိုသော ပေးဆပ်မှုများ၊ အနစ်နာခံမှုများဖြင့် ရရှိလာသော သန့်စင်မွန်မြတ်လှသည့် ငွေကြေး များကို ယခုကဲ့သို့ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့အား (အခမဲ့) ကူညီပံ့ပိုးပေးနေသော ကျွန်တော် တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခြင်းသည် မြင့်မြတ်လှသော ကောင်းမှုအလှူပွဲတော်ကြီးပင် ဖြစ်တော့သည်။

Saturday, April 28, 2012

သတို့ သားလောင်းကိုမာကီး

မစုစုနွေးရဲ့ သတို့သားလောင်း


~

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အိမ်ထောင်ပြုဖို့ လိုအပ်တယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာပြီး ၄ လ အကြာမှာ သူတို့ထဲကတယောက် ဒီအစီအစဉ်ကို ပထမဆုံး အကောင်အထည်ဖော်နေပါပြီ။

သတို့သမီးက ထင်ရှားတဲ့
လူအခွင့်အရေး လှုပ်ရှားသူ မစုစုနွေး ဖြစ်ပါတယ်။ ရှေ့လကုန်ပိုင်း လက်ထပ်ကြမယ် ဆိုပြီး အွန်လိုင်းမှာ ဒီသတင်းကောင်း ဖတ်ကြရပြီး ဖြစ်မှာပါ။ သတို့သားနာမည်ကိုတော့ ဖော်ပြခြင်း မရှိကြပါ။

ပြီးခဲ့တဲ့လက ပြည်မြို့မှာ လယ်သမားအရေး ဆောင်ရွက်နေကြတဲ့ ကိုမာကီး၊ မစုစုနွေး၊ ရှေ့နေကြီး ဦးအောင်သိန်း (ဓာတ်ပုံ - ဘားမားဗီဂျေ)

သတို့သားက ၈၈ မျိုးဆက် ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုကျော်ကျော်ထွေး (ခ) ကိုမာကီး ဖြစ်ပါတယ်။

ကိုမာကီးက မြိတ်မြို့အကျဉ်းထောင်က ဇန်န၀ါရီလမှာ ပြန်လွတ်လာသူပါ။ သူ့ကို ရန်ကုန်လေဆိပ် သွားရောက် ကြိုဆိုသူများထဲမှာ မစုစုနွေးလည်း ပါဝင်ပါတယ်။
(ဓာတ်ပုံ - http://ppdict.blogspot.com/2012/01/blog-post_2413.html)
သူတို့ ၂ ဦးရဲ့ ဇာတ်လမ်းက မင်္ဂလာဒုံလေဆိပ်မှာ အစပြုတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
source: irrwaddy

28 April 2012

Wednesday, April 25, 2012

ကရင်အမျိုးသမီးအဖွဲ့ နဲ့ ၈၈ မျိုးဆက်

မြန်မာ့နိုင်ငံရေးမှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးအတွက် လက်တွဲ လုပ်ဆောင် သွားကြမယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများနဲ့ တွေ့ဆုံခဲ့ကြတဲ့ ကရင်အမျိုးသမီးအဖွဲ့က ပြောဆိုလိုက်ပါတယ်၊ ဒီအကြောင်းကို ဒေါ်ခင် မင်းဇော် သတင်းပေးပို့ထားပါတယ်၊

Tuesday, April 24, 2012

ရဟန်းခံရှင်ပြု

စုပေါင်းရဟန်းခံရှင်ပြုပွဲ

ကြည့်မြင်တိုင်မြို့နယ်သာဓုကျောင်းတိုက်မှာ ၈၈ ကျောင်းသားတချို့နဲ့ကျောင်းသားသမဂ္ဂဖြစ်မြောက်    
ရေးကော်မတီက ကျောင်းသားတွေရဲ့ စုပေါင်းရဟန်းခံရှင်ပြုပွဲကို ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက စတင်ကျင်းပခဲ့ ကြတာဖြစ်ပါတယ်။

နတ်စင်လမ်း၊ သာဓုကျောင်းတိုက်.


၈၈ မျိုးဆက်နဲ့ ဗကသ ကျောင်းသား ၁၇ ဦး ဒုလ္လဘရဟန်းခံ

2012-04-24
အကျဉ်းထောင် အသီးသီးမှာ မိမိတို့ ကျခံနေရစဉ်အတွင်း မိဘဆွေမျိုး မောင်နှမတွေ ပင်ပန်းဆင်းရဲခဲ့တာကို သာသနာနဲ့ ပြန်လည် အကျိုးပြုသောအားဖြင့် (၈၈) ကျောင်းသားတချို့နဲ့ ဗကသ ကျောင်းသားတချို့ မနေ့ ညနေက ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိ စာသင်တိုက်မှာ ရဟန်းခံ အလှူပွဲ ပြု လုပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်က ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်တွင် ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသ ကျောင်းသားများ ဒုလ္လဘရဟန်းခံ အလှူပွဲ ပြုလုပ်နေစဉ်။
(၈၈) မျိုးဆက်က ကိုဇော်ဇော်မင်း၊ ကိုကိုကြီး(စမ်းချောင်း)၊ ကိုဉာဏ်လင်းတို့ အပါအဝင် (၄) ဦးနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦး၊ ကိုဇော်ရဲအောင်တို့အပါအဝင် (၁၃) ဦး စုစုပေါင်း (၁၇) ဦး သာသနာ့ဘောင်ဝင်ရောက်တဲ့ အလှူကို မနေ့က ညနေ (၅) နာရီက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီရဟန်းခံပွဲကို ရွှေညဝါဆရာတော် ဦးပညာသီဟ အပါအဝင် ဆရာတော်ကြီးတွေက ဦးဆောင် ပြု လုပ်ပေး ခဲ့တာဖြစ်ပြီး သူတို့အခုလို ရဟန်းခံ အလှူပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကိုတော့ ၈၈ မျိုးဆက် ကျောင်း သား များ အဖွဲ့မှ ကိုဇော်ဇော်မင်း (ခေါ်) ရဟန်းဘွဲ့ အရှင်ဇဝနက အခုလိုမိန့်ပါတယ်။

“ရည်ရွယ်ချက်ကတော့ အကျဉ်းထောင်တွေ အသီးသီးမှာ ကျနေတဲ့အခါမှာတုန်းက မိသားစုတွေပေါ့နော်၊ မိဘတွေ နောက်ဇနီးသည်တွေ ညီအကို မောင်နှမတွေ သူတို့က အရမ်းကိုပင်ပန်းခဲ့တယ်။ နောက် ကိုယ်အပြင်ထွက်လာတဲ့အခါ သူတို့ကို ကိုယ့်ဘက်က ဘာမှလုပ်မပေးနိုင်သေးဘူး။ စီးပွားရေးအရလည်း ဘာမှ ရှာမပေးနိုင်သေးဘူး။ လောလောဆယ် သူတို့ကို လုပ်ပေးနိုင်တာ ဘာသာရေးအရ ကုသိုလ်တစ် ခုပဲရှိ တယ်။ အဲဒီကုသိုလ်လေးကို သူတို့တွေ ဝိုင်းပြီးတော့ စုပေါင်းလုပ်တာကို ကိုယ်က ရဟန်း ခံပေးပြီးတော့ တရားလေး ထိုင်ပေးရုံနဲ့ ကောင်းမှုကုသိုလ် လုပ်ပေးခြင်းအားဖြင့် သူတို့ ရဲ့ မေတ္တာစေ တနာတွေ ကို ပြန်ပြီး ဘာသာရေးနဲ့ တုံ့ပြန်ပေးပြီးတော့ ပြန်ပြီးတော့ စေ တနာ ပြန်ဖြည့်ပေးတာပေါ့နော်”

ဒီရဟန်းခံပွဲရဲ့ ဒကာ၊ ဒကာမတွေကတော့ မိဘဆွေမျိုး မောင်နှမတွေပဲ ဖြစ်ကြပြီး သံဃာတော်များကတော့ အနည်းဆုံးတစ်ပတ် ရဟန်းခံခြင်းအားဖြင့် ကုသိုလ်ယူမယ်လို့ သိရပါတယ်။
ဒီကနေ့မနက် သိမ်ဆင်းပွဲကိုတော့ NLD နာယက ဦးတင်ဦး၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့အတူ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ (၈၈) မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း မိသားစုများ အပါအဝင် လူဦးရေ (၃၀၀) ခန့် လာရောက်ခဲ့ပြီး ရွှေညဝါ ဆရာတော်ဘုရားကြီးထံကလည်း တရားနာယူကြတယ်လို့ သိရပါတယ်။

Monday, April 23, 2012

မိမိကိုယ်ကို ပျောက်ဆုံးခြင်း ရိုးရာ

by Lululattyar Yar on Sunday, 22 April 2012 at 03:34 ·
V ဘာမှစဉ်းစားလို့မရတော့ဘူး
   နေကြာစေ့တစေ့လို  သူ့အခွံနဲ့ သူလှောင်ပိတ်
   စိတ်က ကြိုးမရှိတဲ့တန်းပေါ် လမ်းလျှောက်ချင်နေသေး

V ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ
   ခင်ဗျား   မင်း  ဖြစ်ဖူးသလား
   ကျန်စစ်သားလို အိပ်မက်မက်ပြီး
   အနော်ရထာလို လှံနဲ့ပစ်ပလိုက်ချင်တယ်
   မဏိစန္ဒာရဲ့ ရင်ထဲမှာက      ချောင်းလိုလို        မြစ်လိုလို...

V အဲ့ဒီ တစ်ခုသော ကမ်းစပ်ကို ရောက်လာသည်တွင်..

V ဘီယာသောက်မယ်        တချပ်မှောက်ကစားမယ်
   လေညှင်းခံမယ်              ဂစ်တာတီးမယ်
   အကြင်သူမပါသော ရောကောသောကော အထင်ကရ ပုဂ္ဂိုလ် ၁၀၀ ထဲမှာ
   ကျွှန်ုပ်တို့ကိုယ်ကျွှန်ုပ်တို့     ပြန်ထည့်        ပြန်နှုတ်          ပြန်သွန်
   လေလေး တချွန်ချွန်နဲ့ ဖီလော်ဆော်ဖီတွေက သွေးသွန်နေပြီ

V ဘာမှမရှိရင် ဘာမှ မဖြစ်ဘူး၊ ဘာမှမဖြစ်ရင် ဘာမှမရှိဘူး
   ရှိခြင်း ဖြစ်ခြင်း သီဝရီ ကိုတွဲဆက်
   တုတ်တပြက် ဓါးတပြက်နဲ့

V အရူးကွက်နင်းနေတာ
   လသာတုန်းဗိုင်းငင်          မီးလာတုန်းရေတင်
   အံမ၀င်ခွင်မကျလို့ကတော့      ရှင်.ကျမကိုယူရမယ်
   အကာအကွယ်မဲ့ ဆက်ဆံခံရခြင်းများ

V တသက်မှာ တခါဘဲမှားခဲ့တယ်         ကျမသမီးလေးက
   (လှည်းသား ငါးရာနဲ့...)

V လေဒီဂါဂါရေ
   ကျွန်တော်က အရုပ်ဆိုးတယ်       ကျွန်တော့ကိုချစ်ပါ
   ကျွန်တော့် ရောဂါတွေကိုလည်း ယူပါ
   ကျွန်တော့် အမေ ရောဂါတွေကိုလည်း ဈေးဖြတ်ပေးပါ..

V မနက်ဖန်ဟာ   ဒီကနေ့လို     မိမွေးတိုင်းဖမွေးတိုင်းတော့ ဖြစ်လာမှာမဟုတ်

V လူကိုကြေးသွန်းသလို သွန်း၍ ထုဆစ်- ခေတ်ကလေ
   night club အသစ်ဖွင့်ရင် တက်ချင်တယ်
   အဲ့ဒါ ကျနော် ကျမတို့ရဲ့ အရူးသွပ်ဆုံး အာသီသ

V မီးရောင်အောက်ကိုဝင်ရင်
   လူပြက်တွေနဲ့ မပျော်ဘူးမောင်ရေ..

V တလှေတည်းစီးခဲ့ပေမဲ့      တခရီးတည်းမဖြစ်ခဲ့တော့လည်း

V ထိနေတာက သူ့အသားနဲ့
   သတိရနေတာက         ရှင့်ကို..

V ဘာမှမစဉ်းစားမိတော့ဘူး
   နိယာမ တရားနဲ့ third person ဖြစ်လာရတဲ့ဘ၀ကို
   နေကြာစေ့တစေ့လို သွားနဲ့ နာနာလေးဖိကိုက်ပစ်လိုက်တယ်

V စိတ်က ........

V ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်မှာ ..
   ရှင်ကော   ကျွန်မလို      မင်း   ဖြစ်ခဲ့ဘူးသလားဟင်!........ ။ ........................။

                                                                                                                             လူလူလက်ျာ
                                                                                                                               1.7.2011

  • ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့  ကိုအောင်သူ ( မော်ဒန်ကဗျာ ဆရာ အမည် "လူလူလတ်ရာရာ" ) ရဲ့ ကဗျာ ဖြစ်ပါတယ်။

Wednesday, April 18, 2012

၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု




2012-04-17
ကိုမင်းကိုနိုင်၊ ကိုကိုကြီး ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ်အနေနဲ့ ရန်ကုန်မြို့ အင်းလျားကန်မှာ ဒီကနေ့ သွားရောက် ငါးလွှတ်ပြီး ကမ္ဘာအေးဘုရားမှာ ၀တ်ပြု ဆုတောင်းခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်း သားတွေ လွတ်မြောက်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေး အကျဉ်း သားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။

DASSK& 88 gens

April 15, 88Gs Singing Songs @ ShweNgarMgMg Thingyan Pavilion

Published on Apr 18, 2012 by
၂၀၁၂ ခုနှစ် ဧပြီလ ၁၅ ရက် သင်္ကြန် ဒုတိယအကြတ်နေ့တွင် ရန်ကုန်မြို့ ၁၈ လမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်မှာရှိသည့် ရွှေငါးမောင်မောင် မဏ္ဍပ်တွင် ၈၈ မျိုးဆက် သံချပ်အဖွဲ့ မောင်ဆိုလေ ထီးရိုးရှည်သံချပ် လာရောက်ဖျော်ဖြေ။

Saturday, April 14, 2012

ကယန်းအမျိုးသားနေ့ 

ကိုမင်းကိုနိုင်ရဲ့ ကရင်ပြည်နယ်ခရီး အတွေ့အကြုံ RFA နဲ့ တွေ့ဆုံမေးမြန်းချက် (အပြည့်အစုံ)


ကိုမင်းကိုနိုင်ရဲ့ ကရင်ပြည်နယ်ခရီး အတွေ့အကြုံ
RFA နဲ့ တွေ့ဆုံမေးမြန်းချက် (အပြည့်အစုံ) ဖတ်လိုသူတွေအတွက်.....


မေး။ ။ ကယန်းအမျိုးသားနေ့ပွဲကို ဘယ်လိုဖြစ်ပြီး လာတက်ဖြစ်တာပါလဲ။

မင်းကိုနိုင်။ ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ဖိတ်ကြားတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ထောင်ထဲမှာချည်း အနှစ် ၂၀ နေလာတဲ့ အခါကျတော့ တကယ့်တိုင်းရင်းသားတွေရဲ့ ဘ၀တွေကို ကျွန်တော်တို့ ကိုယ်တိုင်လည်း သိချင်တယ်။ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့၊ နောက် ပြည်ထောင်စု တခုလုံး ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ သူတို့ရဲ့ ရင်ခုံသံ၊ သူတို့ရဲ့လက်တွေ့ ဒုက္ခ သုက္ခတွေကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်မှ ငြိမ်းချမ်းရေးကိစ္စမျိုး၊
ပြည်ထောင်စု ကိစ္စမျိုး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ လည်း ရောက်လာခဲ့တဲ့ တကြောင်းပါပါတယ်။

မေး။ ။ အရင်က စိတ်ကူးယဉ်ခဲ့တာနဲ့အခု လာရတဲ့ လမ်းခရီးမှာ ဘာတွေ ကွာခြားသလဲ။

မင်းကိုနိုင်။ ။ အရင်ကတော့ လမ်းတွေ ဆိုးတယ်ဆိုတာ ယေဘူယျတော့ ကြားဖူးပါတယ်။ တကယ်ဖြတ်တဲ့အခါ ကျတော့မှ ဒီတောင်ငူနဲ့ လွိုင်ကော်လမ်းဟာ မိုင် ၁၀၀ ကျော်လောက်ရှိတဲ့ဟာကို ပေါက်တူး၊
ဂေါ်ပြားတွေ၊ တူရွင်းတွေနဲ့ သွားကြရတယ်။ အဲဒါ အိမ်ထောင်စုကြီး
ပြောင်းသလို ထမင်းအိုး ဟင်းအိုးတွေနဲ့ ရွှေ့ကြရတယ်။ လမ်းခရီးမှာ
တပတ် ဆယ်ရက် ကြာတယ်ဆိုတဲ့ဟာက ပုံပြင်မဟုတ်ဘူး။ လက်တွေ့ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။

ကျွန်တော်ကိုယ်တိုင်လည်း တခါ ဒီဘက်ကနေပြီးတော့ ပထမဆုံး ရွာတရွာကို သွားတဲ့ လမ်းဆိုရင် ဒီဒေသက အသင်းအဖွဲ့တွေကိုယ်တိုင်
ဖောက်ထားတဲ့ လမ်းပါ။ အဲဒါက ကျောက်ကို ခင်းရုံပဲ ခင်းနိုင်တယ်။ ကတ္တရာတောင် မရှိပါဘူး။ တော်ရုံလည်း မသွားနိုင်ပါဘူး။ အဲဒီလောက် ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်နေတဲ့ နေရာတွေမှာ ကိုယ့်အားကိုယ်ကိုး
ပြီးတော့ ကြန့်ကြန့်ခံ ရပ်တည်နိုင်တဲ့ သူတို့ ဇွဲသတ္တိကိုတော့ ကျွန်တော်
တော်တော် အံ့သြတယ်ဗျ။ ချီးလည်းချီးကျူးပါတယ်။

နောက် ရိုးသားမှုပါ။ သူတို့ဆီမှာ ကျွန်တော် တွေ့ခဲ့ရတာက စပါးရိပ်ပြီးလို့ ရှိရင် တလင်းထဲမှာထားခဲ့လို့ ရတယ်ဆိုတာ တကယ်ဗျ။ အဲဒီလို ရိုးသားမှုမျိုး၊ အဲဒီလို ခိုးချင် ၀ှက်ချင်တဲ့ စိတ်မရှိဘဲနဲ့ မိသားစု စိတ်ဓာတ်မျိုးရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသဟာ ဘာကြောင့်မဖွံ့ဖြိုးရမှာလဲ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးခိုင်မာမှုရယ်၊ ပြီးတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုယ့်ဟာကိုယ် ကြီးပွါးရေးဘ၀ ပညာရေးဘ၀တွေ တည်ဆောက်ခွင့်ရဖို့ရယ်၊ အားလုံး ၀ိုင်းပြီးတော့ စဉ်းစားပေးဖို့တော့ တော်တော်လိုနေပါပြီ။

မေး။ ။ဒီမှာ မဖွံ့ဖြိုးခြင်းနဲ့ အတူ၊ မငြိမ်းချမ်းမှုပေါ့။ နှစ်ပေါင်းများစွာ။ မနေ့တနေ့အထိ သေနတ်သံ မစဲပါဘူး။ အဲဒီအပေါ်အမြင် ဘယ်လိုရှိပါသလဲ။

မင်းကိုနိုင်။ ။ အဲဒါ တန်းတူညီမျှမှုလေဗျာ။ အခွင့်အရေး တယောက်နဲ့ တယောက် ပိုမယူနဲ့လေဗျာ။ အခွင့်အရေးပိုယူပြီးတော့ အပေါ်ကနေ ဖိနှိပ်ထားမယ်။ အခွင့်ထူးခံမယ် ဆိုရင်တော့၊ ကျွန်တော် ပြောပြီးပါပြီ။ စိတ်ဝမ်းကွဲနေတဲ့ ပြည်ထောင်စုမျိုးဆိုတာ အလုပ်မဖြစ်ပါဘူး။ ရုပ်ပိုင်းအရ သာ ခွဲထွက်သွားတာ မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ နာကျည်းမှုတွေနဲ့
ပြိုကွဲနေတဲ့ ပြည်ထောင်စုမျိုးဟာ အင်မတန် အန္တရာယ်ရှိပါတယ်။

ကျွန်တော်တို့ နံပါတ် (၁) အခွင့်ထူးမခံဖို့၊ နံပါတ် (၂) မဖိနှိပ် မချုပ်ချယ်မိဖို့ အရေးကြီးဆုံးပါ။ စိတ်တူကိုယ်တူပေါင်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့အားလုံး၊ ကျွန်တော်တို့ မျိုးဆက်မှာ ရအောင် အလုပ်လုပ်ကြဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးပါပြီ။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ကယန်းအမျိုးသားနေ့ကတဆင့် ကယန်းပြည်သူ၊ ကျန်တဲ့ တိုင်းရင်းသားပြည်သူတွေကို ၈၈ မျိုးဆက်ရဲ့ ကိုယ်စား ဘာပြောချင်ပါသလဲ။

မင်းကိုနိုင်။ ။ ကျွန်တော်တို့ ခေတ်အဆက်ဆက်က သုံးခဲ့တဲ့ နိုင်ငံတော် သီချင်းရှိတယ်လေဗျာ။ ဘယ်သူမှလည်း နည်းပေါင်းစုံနဲ့ အာဏာသုံးလည်း
ပြင်လို့ မရခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံတော်သီချင်းမှာ စစချင်းကိုက တရားမျှတ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဆိုတဲ့ လောကပါလတရား (၃) ပါးသာ ရစမ်းပါ။ ဒီဒေသက ပြည်သူတွေနဲ့ ကျွန်တော်တို့ တသားတည်း ဖြစ်မယ်။ ပြည်ထောင်စုတခုလုံး တညီတညာထဲ ဖွံ့ဖြိုးမယ်။ အဲဒီ လောကပါလ တရား (၃) ပါး ထပ်ပြီးတော့ အားကောင်းဖို့၊ တကယ် ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အားလုံး အခွင့်အရေးတန်းတူ ညီမျှဖို့၊ တယောက်နဲ့ တယောက် မဖိနှိပ်ဖို့၊ အခွင့်ထူးမခံဖို့၊ ဒါကိုပဲ ကျွန်တော် ထပ်တလဲလဲ ပြောချင်တယ်။

တိုင်းရင်းသားတွေမှာ သီးခြားအရည်အချင်းတွေ ရှိကြတယ်ဗျ။ ကြိုးစား
နေကြတယ်။ သူတို့ရဲ့ ကြိုးစားမှု၊ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ အားလုံး အခွင့်အရေး ပိုမယူစတန်း၊ မဖိနှိပ်စတန်း၊ ဘာမဆို သာတူညီမျှ စိတ်ဓာတ်နဲ့ တကယ်တက်တွဲကြဖို့ အချိန်ရောက်ပါပြီ။
အဲဒီအတွက် ဒီက သောက်ရေခတ်က စမ်းချောင်းလေးက စီးလာတဲ့
ငြိမ်းချမ်းရေး သီချင်းသံကို တကမ္ဘာလုံးကြားအောင် အတူတူ ဆိုနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။ ၈၈ မျိုးဆက်တွေရဲ့ ကိုယ်စား အမှတ်တရ ကျွန်တော်ပြောပါရစေ။

သင်္ကြန်သံချပ်

မင်းကိုနိုင်ရေးတဲ့သံချပ်

ကိုမင်းကိုနိုင်ရေးစပ်သော၈၈မျိုးဆက်ကျောင်းသားများ၏သင်္ကြန်သံချပ်
ကိုမင်းကိုနိုင်ရေးစပ်သော၈၈မျိုးဆက်ကျောင်းသားများ၏သင်္ကြန်သံချပ်

ပရိသတ်ပြည်သူ သိစေချင် ......... ၈၈ ဟာ ဘာအဓိပ္ပာယ်လဲ
(၈၈ ဟာ မျိုးဆက်တစ်ခု ......... ကျောင်းသားကိုယ်စားပြု)၂
ကျောင်းသားသမိုင်းဟာ မြဲရှင်သန် ......... စီးဆင်းမြစ်ရေ ဘယ်တော့မခမ်း
တွန်လိုက်စမ်းပါ့ ဒေါင်းပျိုတွေ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
(ပြည်သူချစ်တဲ့ ကိုအောင်ဆန်း ......... မြစ်ရေဘယ်မခမ်း)၂
(ကိုအောင်ကျော်နဲ့ ကိုဘဟိန်း ......... အ...စဉ်အလာကောင်းကိုထိန်း)၂
သူတို့ခေတ်နဲ့ သူတို့အသံ ......... အိုးဝေ အိုးဝေ ညံလို့ ညံလို့
ကောင်းကျိုးထွေထွေ ချွန်မြစေဖို့ ......... ဒေါင်းအိုးဝေတွေ တွန်ကပါစို့

မပြောမပြီး မတီးမမြည် ......... တို့စည်တီးတာ ပြည်သူ့အတွက်
ပြောမှသိလို့ ထိမှနာ ......... တို့ရင်ထဲမှာ မချိမချိ
ဒီမိုကရေစီအနှစ်ဟာ ......... အာဏာပိုင်ရှင်ပြည်သူဖြစ်သတဲ့
ပြည်သူ့ထံမှ ဆင်းသက်လာ ......... အစိုးရဆိုတာ ပြည်သူ့ဝန်ထမ်း
ဒီစိတ်ဓာတ်လေးမွေးစေချင် ......... ပြည်သူ့ရင်ခွင် ခိုကြတုန်ကြ
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... တို့ပြည်သူတွေ အမြဲတမ်း အဆင်သင့်
ခေတ်အဆက်ဆက် တာဝန်ကျေ ......... တို့ပြည်သူတွေ အာဂသတ္တိ
မပြောမပြီး မတီးမမြည် ......... ပြည်သူ့ကျေးဇူး မမေ့ကြနဲ့ဦး
နောက်ကြောင်းမလှည့်ဘူး ပြောထားတယ် ......... ရှေ့ရောက်အောင်လည်း ချီတက်ပါဦး
ရွေးကောက်ပွဲကြီး ပြီးသွားပြီ ......... ကချင်ပြည်နယ်မှာ ပြေးနေကြတုန်း
ကားဈေးတွေလည်း ကျသွားပြီ ......... အသားဈေးတွေလည်း ချပေးပါဦး
ကားဈေးတွေလည်း ကျသွားပြီ ......... ငါးဈေးတွေလည်း ချပေးပါဦး
မြစ်ဆုံကြီး ခဏရပ်ထားတယ် ......... တစ်သက်လုံးရပ်ရင် ပိုမကောင်းဘူးလား
ကိုယ့်အခွင့်အရေး ကိုယ်လိုချင်ရင် ......... တို့ပြည်သူတွေ သတ္တိရှိကြ
ဒီမိုကရေစီလိုချင်ရင် ......... တို့ပြည်သူတွေ ပွင့်ကြ လင်းကြ
ကောင်းကျိုးထွေထွေ ချွန်မြစေလို့ ......... ဒေါင်းအိုးဝေတွေ တွန်ကစေပါစို့။
Messenger News Journal

Wednesday, April 11, 2012

88 leaders attend Kayan National Day

Published on Apr 11, 2012 by
ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ ကယန်း အမျိုးသားတွေက ကယန်းအမျိုးသားနေ့ကို ဧပြီလ ၁၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအဝင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ ကိုခင်မောင်စိုးမင်း က တင်ပြပေးမှာပါ။

Tuesday, April 10, 2012

ကယားပြည်နယ်ခရီးစဉ်

  • ကိုမင်းကိုနိုင်ကို ကယန်းပြည်သစ်ပါတီက ကြီးမှူးကျင်းပတဲ့ ကယန်းအမျိုးသားနေ့ အခမ်းအနားမှာ ဒီနေ့မနက်က တွေ့ရပုံ ဖြစ်ပါတယ်။ ဓာတ်ပုံ - RFA
  • ၂၀၁၂ ခုနှစ် ဧပြီလ ၁၀ ရက်က ကယားပြည်နယ်ကို သွားရောက်ကြသော ၈၈ မျိုးဆက် ကျောင်းသား များနှင့် ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့အစည်း တို့ကို အတူတွေ့ရစဉ်။
  • 88 မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိ လာတဲ့ပုံပါ။