Saturday, April 14, 2012

ကိုမင်းကိုနိုင်ရဲ့ ကရင်ပြည်နယ်ခရီး အတွေ့အကြုံ RFA နဲ့ တွေ့ဆုံမေးမြန်းချက် (အပြည့်အစုံ)


ကိုမင်းကိုနိုင်ရဲ့ ကရင်ပြည်နယ်ခရီး အတွေ့အကြုံ
RFA နဲ့ တွေ့ဆုံမေးမြန်းချက် (အပြည့်အစုံ) ဖတ်လိုသူတွေအတွက်.....


မေး။ ။ ကယန်းအမျိုးသားနေ့ပွဲကို ဘယ်လိုဖြစ်ပြီး လာတက်ဖြစ်တာပါလဲ။

မင်းကိုနိုင်။ ။ ကျွန်တော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေကို ဖိတ်ကြားတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ထောင်ထဲမှာချည်း အနှစ် ၂၀ နေလာတဲ့ အခါကျတော့ တကယ့်တိုင်းရင်းသားတွေရဲ့ ဘ၀တွေကို ကျွန်တော်တို့ ကိုယ်တိုင်လည်း သိချင်တယ်။ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့၊ နောက် ပြည်ထောင်စု တခုလုံး ငြိမ်းချမ်းရေး ရဖို့ဆိုတာကတော့ သူတို့ရဲ့ ရင်ခုံသံ၊ သူတို့ရဲ့လက်တွေ့ ဒုက္ခ သုက္ခတွေကို ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ မြင်နိုင်မှ ငြိမ်းချမ်းရေးကိစ္စမျိုး၊
ပြည်ထောင်စု ကိစ္စမျိုး ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ လည်း ရောက်လာခဲ့တဲ့ တကြောင်းပါပါတယ်။

မေး။ ။ အရင်က စိတ်ကူးယဉ်ခဲ့တာနဲ့အခု လာရတဲ့ လမ်းခရီးမှာ ဘာတွေ ကွာခြားသလဲ။

မင်းကိုနိုင်။ ။ အရင်ကတော့ လမ်းတွေ ဆိုးတယ်ဆိုတာ ယေဘူယျတော့ ကြားဖူးပါတယ်။ တကယ်ဖြတ်တဲ့အခါ ကျတော့မှ ဒီတောင်ငူနဲ့ လွိုင်ကော်လမ်းဟာ မိုင် ၁၀၀ ကျော်လောက်ရှိတဲ့ဟာကို ပေါက်တူး၊
ဂေါ်ပြားတွေ၊ တူရွင်းတွေနဲ့ သွားကြရတယ်။ အဲဒါ အိမ်ထောင်စုကြီး
ပြောင်းသလို ထမင်းအိုး ဟင်းအိုးတွေနဲ့ ရွှေ့ကြရတယ်။ လမ်းခရီးမှာ
တပတ် ဆယ်ရက် ကြာတယ်ဆိုတဲ့ဟာက ပုံပြင်မဟုတ်ဘူး။ လက်တွေ့ဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။

ကျွန်တော်ကိုယ်တိုင်လည်း တခါ ဒီဘက်ကနေပြီးတော့ ပထမဆုံး ရွာတရွာကို သွားတဲ့ လမ်းဆိုရင် ဒီဒေသက အသင်းအဖွဲ့တွေကိုယ်တိုင်
ဖောက်ထားတဲ့ လမ်းပါ။ အဲဒါက ကျောက်ကို ခင်းရုံပဲ ခင်းနိုင်တယ်။ ကတ္တရာတောင် မရှိပါဘူး။ တော်ရုံလည်း မသွားနိုင်ပါဘူး။ အဲဒီလောက် ဆက်သွယ်ရေး အခက်အခဲတွေ ဖြစ်နေတဲ့ နေရာတွေမှာ ကိုယ့်အားကိုယ်ကိုး
ပြီးတော့ ကြန့်ကြန့်ခံ ရပ်တည်နိုင်တဲ့ သူတို့ ဇွဲသတ္တိကိုတော့ ကျွန်တော်
တော်တော် အံ့သြတယ်ဗျ။ ချီးလည်းချီးကျူးပါတယ်။

နောက် ရိုးသားမှုပါ။ သူတို့ဆီမှာ ကျွန်တော် တွေ့ခဲ့ရတာက စပါးရိပ်ပြီးလို့ ရှိရင် တလင်းထဲမှာထားခဲ့လို့ ရတယ်ဆိုတာ တကယ်ဗျ။ အဲဒီလို ရိုးသားမှုမျိုး၊ အဲဒီလို ခိုးချင် ၀ှက်ချင်တဲ့ စိတ်မရှိဘဲနဲ့ မိသားစု စိတ်ဓာတ်မျိုးရှိတဲ့ တိုင်းရင်းသားတွေရဲ့ ဒေသဟာ ဘာကြောင့်မဖွံ့ဖြိုးရမှာလဲ။ ကျွန်တော်တို့ ငြိမ်းချမ်းရေးခိုင်မာမှုရယ်၊ ပြီးတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ကိုယ့်ဟာကိုယ် ကြီးပွါးရေးဘ၀ ပညာရေးဘ၀တွေ တည်ဆောက်ခွင့်ရဖို့ရယ်၊ အားလုံး ၀ိုင်းပြီးတော့ စဉ်းစားပေးဖို့တော့ တော်တော်လိုနေပါပြီ။

မေး။ ။ဒီမှာ မဖွံ့ဖြိုးခြင်းနဲ့ အတူ၊ မငြိမ်းချမ်းမှုပေါ့။ နှစ်ပေါင်းများစွာ။ မနေ့တနေ့အထိ သေနတ်သံ မစဲပါဘူး။ အဲဒီအပေါ်အမြင် ဘယ်လိုရှိပါသလဲ။

မင်းကိုနိုင်။ ။ အဲဒါ တန်းတူညီမျှမှုလေဗျာ။ အခွင့်အရေး တယောက်နဲ့ တယောက် ပိုမယူနဲ့လေဗျာ။ အခွင့်အရေးပိုယူပြီးတော့ အပေါ်ကနေ ဖိနှိပ်ထားမယ်။ အခွင့်ထူးခံမယ် ဆိုရင်တော့၊ ကျွန်တော် ပြောပြီးပါပြီ။ စိတ်ဝမ်းကွဲနေတဲ့ ပြည်ထောင်စုမျိုးဆိုတာ အလုပ်မဖြစ်ပါဘူး။ ရုပ်ပိုင်းအရ သာ ခွဲထွက်သွားတာ မဟုတ်ပေမဲ့ စိတ်ပိုင်းဆိုင်ရာ နာကျည်းမှုတွေနဲ့
ပြိုကွဲနေတဲ့ ပြည်ထောင်စုမျိုးဟာ အင်မတန် အန္တရာယ်ရှိပါတယ်။

ကျွန်တော်တို့ နံပါတ် (၁) အခွင့်ထူးမခံဖို့၊ နံပါတ် (၂) မဖိနှိပ် မချုပ်ချယ်မိဖို့ အရေးကြီးဆုံးပါ။ စိတ်တူကိုယ်တူပေါင်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ဖို့ ကျွန်တော်တို့အားလုံး၊ ကျွန်တော်တို့ မျိုးဆက်မှာ ရအောင် အလုပ်လုပ်ကြဖို့ ကျွန်တော် စိတ်ပိုင်းဖြတ်ပြီးပါပြီ။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ ကယန်းအမျိုးသားနေ့ကတဆင့် ကယန်းပြည်သူ၊ ကျန်တဲ့ တိုင်းရင်းသားပြည်သူတွေကို ၈၈ မျိုးဆက်ရဲ့ ကိုယ်စား ဘာပြောချင်ပါသလဲ။

မင်းကိုနိုင်။ ။ ကျွန်တော်တို့ ခေတ်အဆက်ဆက်က သုံးခဲ့တဲ့ နိုင်ငံတော် သီချင်းရှိတယ်လေဗျာ။ ဘယ်သူမှလည်း နည်းပေါင်းစုံနဲ့ အာဏာသုံးလည်း
ပြင်လို့ မရခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံတော်သီချင်းမှာ စစချင်းကိုက တရားမျှတ လွတ်လပ်ခြင်းနဲ့ တန်းတူညီမျှခြင်း ဆိုတဲ့ လောကပါလတရား (၃) ပါးသာ ရစမ်းပါ။ ဒီဒေသက ပြည်သူတွေနဲ့ ကျွန်တော်တို့ တသားတည်း ဖြစ်မယ်။ ပြည်ထောင်စုတခုလုံး တညီတညာထဲ ဖွံ့ဖြိုးမယ်။ အဲဒီ လောကပါလ တရား (၃) ပါး ထပ်ပြီးတော့ အားကောင်းဖို့၊ တကယ် ဖြစ်လာဖို့အတွက် ကျွန်တော်တို့ အားလုံး အခွင့်အရေးတန်းတူ ညီမျှဖို့၊ တယောက်နဲ့ တယောက် မဖိနှိပ်ဖို့၊ အခွင့်ထူးမခံဖို့၊ ဒါကိုပဲ ကျွန်တော် ထပ်တလဲလဲ ပြောချင်တယ်။

တိုင်းရင်းသားတွေမှာ သီးခြားအရည်အချင်းတွေ ရှိကြတယ်ဗျ။ ကြိုးစား
နေကြတယ်။ သူတို့ရဲ့ ကြိုးစားမှု၊ သူတို့ရဲ့ ဘ၀တွေ မြှင့်တင်ဖို့အတွက် ကျွန်တော်တို့ အားလုံး အခွင့်အရေး ပိုမယူစတန်း၊ မဖိနှိပ်စတန်း၊ ဘာမဆို သာတူညီမျှ စိတ်ဓာတ်နဲ့ တကယ်တက်တွဲကြဖို့ အချိန်ရောက်ပါပြီ။
အဲဒီအတွက် ဒီက သောက်ရေခတ်က စမ်းချောင်းလေးက စီးလာတဲ့
ငြိမ်းချမ်းရေး သီချင်းသံကို တကမ္ဘာလုံးကြားအောင် အတူတူ ဆိုနိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုပါတယ်။ ၈၈ မျိုးဆက်တွေရဲ့ ကိုယ်စား အမှတ်တရ ကျွန်တော်ပြောပါရစေ။

No comments:

Post a Comment