Sunday, April 29, 2012

၈၈ ကျောင်းသားများ ရှမ်းပြည်ခရီးထွက်မည်

ဤပုံမှာ ကျွန်တော်တို့၏ ရဲဘော်ရဲဘက်များ ဖြစ်သော ကိုကျော်ဇေယျ နှင့် မယုယုလှိုင် တို့၏ (၂၉-၄-၁၂)နေ့ ညနေတွင်ပြုလုပ်သော မင်္ဂလာဧည့်ခံပွဲ တွင် ကိုမင်းကိုနိုင် ဖျော်ဖြေနေစဉ် ဖြစ်သည် ။
၈၈ အဖွဲ့သည် ၃၀-၄-၁၂ ညတွင် တောင်ကြီးသို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။ ထိုနောက် ဆရာဒဂုန်တာရာ မွေးနေ့ပွဲသို့ လည်း တက်ရောက်ရန် စီစဉ်ထားကြောင်း ကိုလှမျိုးနောင်မှ ပြောပြသည်။


 
အခြားဖော်ပြချက်။

၈၈ ကျောင်းသားများ ရှမ်းပြည်ခရီးထွက်မည်.....။
DVB
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ လူထုနဲ့တွေ့ဆုံဟောပြောပွဲတွေ လုပ်ဖို့ လာမယ့်ရက်ပိုင်းအတွင်း ရှမ်းပြည်နယ်ကို ခရီးထွက်မယ်လို့ သိရပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း အစီစဉ်အရ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့တွေကို မန္တလေးမြို့ကနေတဆင့် သွားရောက်မှာပါ။ ၂၉ ရက်နေ့ညနေစတင်မယ့် ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဂျင်မီက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ရှမ်းပြည်တောင်ပိုင်းပေါ့နော်၊ ဟိုပုန်း၊ တောင်ကြီး၊ အောင်ပန်း၊ ပင်းတယ၊ ရပ်စောက်၊ ငြိမ်းချမ်းတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းပါပဲ။ အဲဒီ့ ခေါင်းစဉ်နဲ့ပဲ သွားတာပါ။” ၈၈ မျိုးဆက်ကျောင်းသားတွေဟာ တောင်ကြီးမြို့မှာ မေလ ၂ ရက်နေ့ကျင်းပမယ့် အကျဉ်းထောင်ထဲ ကွယ်လွန်သွားခဲ့တဲ့ ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့က ဦးမြင့်သန်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို တက်ရောက်ဖို့ရှိနေ ပါတယ်။ ဦးမြင့်သန်းဟာ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့နဲ့အတူ ဖမ်းဆီးခံရပြီး နှစ်ရှည် ထောင်ချခံထားရစဉ် ၂၀၀၆ ခုနှစ် မေလက သံတွဲထောင်တွင်း ကွယ်လွန်သွားခဲ့တာပါ။ ဒီအခမ်းအနားမှာ ရှမ်းခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ရှိပြီး ရှေ့နိုင်ငံရေး လုပ်ငန်းစဉ်တွေ ကြေညာဖွယ် ရှိနေပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အောင်ပန်းမြို့မှာ မေလ ၆ ရက်နေ့ကျင်းပမယ့် စာရေးဆရာကြီး ဒဂုန်တာရာရဲ့ အသက် ၉၃ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ဖို့ရှိပါတယ်။ စာရေးဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့ဟာ မေလ ၁၀ ရက်နေ့မှာ ကျရောက်ပေမယ့် မွေးနေ့ပွဲကိုတော့ ဒီရက် အနီးနား ပတ်ဝန်းကျင်မှာ ဆရာကြီးကို ချစ်ခင်လေးစားတဲ့ စာပေနဲ့ကဗျာအသိုင်းအဝိုင်းက ပုဂ်ဂိုလ်တွေနဲ့ အခါအားလျော်စွာ ကျင်းပလေ့ရှိပါတယ်။ အကျဉ်းထောင်အသီးသီးကနေ ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေဟာ ပွင့်လင်းလူ့အဖွဲ့အစည်း အမည်နဲ့ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်ကို လှည့်လည်ပြီး လူထုနဲ့တွေ့ဆုံဟောပြောပွဲတွေ ပြုလုပ်နေတာပါ။

ခုလို ရှမ်းပြည်နယ်ကို သွားရောက်မယ့် ဒီခရီးစဉ်ကို ဒေသခံ လူထုက စိတ်ဝင်စားနေကြတယ်လို့အောင်ပန်းမြို့က လူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက် တာဝန်ခံ ကိုဘိုဘိုဟန်က ပြောပါတယ်။ “ကျနော်တို့ ပြည်သူလူထုတွေကတော့ အရမ်း စိတ်ဝင်စားနေတယ်။ ပထမ စီစဉ်တုန်းက တောင်ကြီး၊ အောင်ပန်း အဓိက စီစဉ်တာပေါ့။ အဲလိုကနေ ကျနော်တို့ လှုပ်ရှားမှုကို ဆက်စပ်ပြီးတော့ သိသွားကြတဲ့ ဥပမာ အန်အယ်လ်ဒီ လူငယ်ပိုင်းတွေက စိတ်ဝင်စားတော့၊ အဲဒီမှာ ၈၈တုန်းက သိမီခဲ့တဲ့ မြို့ခံအဖွဲ့တွေကလည်း ပေါင်းစပ်ပြီး ဖိတ်ထားတာပေါ့။ အဲဒီလို ဖိတ်ကြားရင်းနဲ့ လူထုကြားထဲမှာ ရှမ်းပြည်ခရီးစဉ်ကတော့ တော်တော်များများ စိတ်ဝင်စားနေတဲ့ အနေအထား ရှိတယ်။ ဒီကို လာတာလည်း တကြောင်း၊ ဆရာကြီးပွဲလည်းရှိတယ်။

အဲဒီမှာ မီဒီယာတွေလည်း တော်တော်များများ ရှိမယ်။ စာရေးဆရာများလည်း တော်တော်များများ ရောက်မယ်။ ဒါကအောင်ပန်းပေါ့။ “တောင်ကြီးမှာကျတော့ နိုင်ငံရေးပါတီတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ ဦးမြင့်သန်းရဲ့နေ့မှာပဲ တော်တော်များများ ဆုံပြီးတော့ ကျောင်းသားများနဲ့ ဆွေးနွေးမယ်လို့ သတင်းရတယ်။” ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့လည်း သင်္ကြန်ကာလ အတွင်းက သံချပ် လှည့်လှည်ဖြေဖျော်ရာမှာ ရရှိတဲ့ အလှူငွေတွေထဲကနေ နာရေးကူညီမှုအသင်းအတွက် ရန်ပုံငွေ ကျပ် ၁၀ သိန်းနဲ့ မောင်မောင်ဆိုးလေ ထီးရိုးရှည် သံချပ်အဖွဲ့အတွက် ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ပါတယ်။

No comments:

Post a Comment